1. Home
  2. Docs
  3. Myanmar Unicode Toolkit
  4. Introduction

Introduction

ယူနီကုဒ် အကြောင်းကို ရှင်းပြရမယ်ဆိုရင် တော်တော့်ကို ရှည်လျားပါတယ်။ ဒါပေမယ့်အဲဒါကို ပြန်အကျဉ်းချုံ့ရမယ်ဆိုရင်လည်း ချုံ့လို့ရပါတယ်။ ဒါပေမယ့် မေးစရာ မေးခွန်းတွေအများကြီးပေါ်လာပါလိမ့်မယ်။ မေးခွန်းတိုင်းအတွက် အဖြေကတော့ရှိပြီးသားပါ​ ။​ဒီ post ကိုတော့ ယူနီကုဒ် အကြောင်းကို သိချင်ပြီး မေးခွန်းအများကြီး မထုတ်ချင်သေးဘူးလို့ ယူဆတဲ့ သူတွေအတွက် ရည်ရွယ်ပြီး ရေးလိုက်ပါတယ်။

မိတ်ဆက်

ယူနီကုဒ် ဆိုတာ ဒီဂျစ်တယ်ခေတ်မှာ ဘာသာစကားတွေနဲ့ပတ်သက်ပြီး နိုင်ငံတိုင်း လိုက်နာဖို့ ပြုလုပ်ထားတဲ့ စံစနစ်တစ်ခုပါ။ ယခုခေတ်လောက်အထိ ဆိုရှယ်မီဒီယာတွေခေတ်မစားသေး ၊​ တစ်ယောက်နဲ့ တစ်ယောက် electronic mail တွေ message တွေနဲ့ ကူးလူးဆက်ဆံမှု မရှိသေးခင်အထိတော့ ယူနီကုဒ် ဆိုသော အရာဟာ သိပ် ခေတ်မစား မတွင်ကျယ်ခဲ့သေးပါဘူး ။​

ဘာကြောင့်လဲဆိုတော့ ကွန်ပျူတာ တော်တော်များများဟာ offline ၊ အင်တာနက် မချိတ်ဆက်ထားကြဘူး။​ စာစီစာရိုက်၊​ ဒီဇိုင်း လုပ်တာလောက်ပဲ​သုံးကြတဲ့အတွက် ၊ အသုံးချနိုင်မှုကနည်းပါးကြပါတယ် ။​ကိုယ့်စက်ထဲ မှာ ဖောင့်ရှိနေတယ်ဆိုရင်ကိုပဲ အလုပ်ဖြစ်နေပြီ။​မရှိရင်လည်း CD တစ်ချက် ဝယ်ပြီး ဖောင့်တွေထည့်လိုက်ရုံပေါ့ဆိုတဲ့အခြေအနေမျိုးပါ။

အဲဒီနောက်တော့ ၊​ လူတွေက မိုဘိုင်းဖုန်းတွေသုံး၊​အင်တာနက်တွေသုံးလာကြပါပြီ၊ ဖုန်း၊ ကွန်ပျူတာကနေ တဆင့် အင်တာနက်ပေါ်ကို စာတွေတင်ကြပြီ၊ ကိုယ့်စက်ထဲမှာတော့ မှန်မှန်မြင်နေရပေမယ့် အခြားသူစက်ထဲမှာ မမြင်ရတာမျိုးတွေကြုံလာကြပြီ။

ပြီးတော့ တစ်ကမ္ဘာလုံးမှာ ရေးတဲ့ဘာသာစာသား ၄၀၀၀ ကျော်ရှိပါတယ်။ သူတို့တွေက စာရွက်ပေါ်ရေးနေတယ်ဆိုရင်တော့ ဘာမှမဖြစ်ဘူး။​ အင်တာနက်ပေါ်လည်းကျရော အဲလောက်များတဲ့ ဘာသာစကားတွေ၊ တစ်ခုနဲ့တစ်ခု ထပ်နေတာမရှိပဲ အဆင်ပြေပြေ ဖော်ပြလို့ရဖို့လိုလာပြီ။ ဒါကြောင့်မို့ ဒီဘာသာစကားအားလုံး သူ့နေရာနဲ့သူရှိရမယ်ဆိုတဲ့ ယူနီကုဒ် စနစ်ကို အကောင်အထည်ဖာ်လိုက်ကြတယ်။ ကျွန်တော်တို့ မြင်ရတဲ့စာလုံးလေးတွေရဲ့ နောက်ကွယ်မှာ သူတို့ရဲ့ ကိုယ်ပိုင်နံပါတ်လေးတွေရှိတယ်။ စာလုံးတွေသူ့နေရာသူမရှိရင် မှားယွင်းပြီးဖော်ပြလိမ့်မယ်။​ မြန်မာစာ ရိုက်တယ်။ တရုတ်စာထွက်လာတယ်။​ ထိုင်းစာရိုက်တယ်။ အာရေဗျ စာတွေထွက်လာမယ်​။ အဲဒီလိုပြဿနာတွေပေါ်ပါလိမ့်မယ်။

အဲဒီလိုကိုယ်ပိုင်နံပါတ်ရအောင်လို့ လုပ်ရတဲ့အဆင့်တွေကအများကြီးရှိတယ်ဗျ။ ငါတို့မြန်မာပြည်အတွက် ပေးဆိုပြီး နိုင်ငံတကာ စံသတ်မှတ်တဲ့အဖွဲ့က ရော့အင့်ပေးလိုက်တာမဟုတ်ဘူး။ အဲဒီနံပါတ်ကို နောက်ပိုင်းအားလုံးက လိုက်သုံးစွဲရမှာဖြစ်လို့ သေချာစနစ်တကျဖြစ်အောင် ထိန်းကွပ်ကြရတယ်။ တစ်ခါအတည်ပြုပြီးရင်လည်း ဒါက အတည်ဖြစ်သွားပြီး ၊​ ကမ္ဘာပေါ်မှာ ရှိသမျှ နည်းပညာကုမ္ပဏီတွေ၊ ဖုန်း၊ကွန်ပျူတာ ထုတ်လုပ်သူတွေက ဒီ စနစ်ကို လိုက်နာကြတယ် ။

မြန်မာပြည်မှာတော့ အဲဒီ သတ်မှတ်လိုက်တဲ့စနစ်ကို အတော်များများမသုံးကြပဲ​ အဲဒီစနစ်မပေါ်ခင်က နည်းလမ်းကိုပဲ ဆက်သုံးကြတယ်။ ဒါကလည်း အကြောင်းအရင်းအများကြီးရှိပါတယ်။​ ယူနီကုဒ်နဲ့ ယူနီကုဒ်မပေါ်ခင် ဇော်ဂျီစနစ်ကြားမှာ ကွာဟချက်တွေရှိတဲ့အတွက်ကြောင့် တစ်ခုသုံးရင် တစ်ခုမှာ စာတွေကောင်းကောင်း မပေါ်ပါဘူး။ အပေါ်မှာ ရေးထားသလို ထိုင်းစာရိုက်တယ် ၊ အာရေဗျ စာတွေထွက်လာတယ်ဆိုတာမျိုးမဟုတ်ပဲ၊ မြန်မာစာ ရိုက်တယ်။ ရှမ်းစာတွေတချို့ပါလာတယ်ဆိုတာမျိုးဖြစ်လာပါတယ်။ အဲဒီလိုမျိုးဖြစ်နေတာကို ဖြေရှင်းဖို့ ဖောင့်တစ်ခုကနေ ဖောင့်တစ်ခုကို ပြောင်းပေးတဲ့ ကွန်ပျူတာ ဆော့ဖ်ဝဲတွေ ၊ app တွေသုံးလာကြပါတယ်။ ဒါကလည်း နောက်ဆုံးအဖြေတော့မဟုတ်ပါဘူး။ ယာယီ ပဲကောင်းပြီး ခဏခဏ ပြောင်းနေရတာ ၊ နှစ်မျိုးလုံး မြင်အောင် လုပ်ရတာက အလုပ်ပိုရှုပ်ပါတယ်။ ပြီးတော့ မြန်မာစာအတွက်ပဲရပြီး၊ မြန်မာ တိုင်းရင်းသား စာလုံးတွေ ကိုတော့ ဇော်ဂျီ ကနေ ယူနီကုဒ် မပြောင်းပြပေးနိုင်ပါဘူး။

နောက်ဆုံး အဖြေ Ultimate solution ကတော့ အားလုံး ယူနီကုဒ် ကိုပြောင်းသုံးလိုက်တာပါ။ တော်တော်များများက မသုံးချင်ဘူး ၊ သုံးရင် စာမမှန်ဘူးပြောနေတာက မဟုတ်ပါဘူး။ လက်ရှိ ဒီစာကို ဖတ်လို့ရနေတယ်ဆိုရင် ကျွန်တော်ပြောတာ ယုံလိုက်ပါ၊ ဒါ ယူနီကုဒ်နဲ့ ရေးထားတာဖြစ်ပါတယ်။ ဘာထူးခြားသွားမလဲဆိုပြီး မေးရင်တော့ ၊ ကောင်းကျိုး က အဓိက နှစ်မျိုးရှိပါတယ်။ အများစုက ဒါကို မြင်နိုင်ချင်မှ မြင်နိုင်မှာပါ။

၁၊ လက်ရှိ ၊ ဖောင့်ပြောင်းဖို့အတွက် သုံးစွဲနေရတဲ့၊ အချိန် ၊​ ငွေ၊ လုပ်အား၊ ကွန်ပျူတာ ပါဝါတွေ မကုန်ကျတော့ပါဘူး။ ဒါတွေက စာမဖွဲ့လောက်ဖူးလို့ထင်တယ်ဆိုရင် ၊ ဖောင့်နှစ်ခုလုံးနဲ့ဖော်ပြဖို့အတွက် သင်ဘယ်လောက်အချိန်ကုန်ခံသလဲ ဆိုတာ ကိုတွေးကြည့်ပါ၊ ပြီးတော့ အဲဒါမျိုးကို ဘယ်နှစ်ကြိမ်ကြုံဖူးသလဲတွေးပါ။ ပြီးတော့ ကိုယ့်လိုကြုံတာက တစ်နိုင်ငံလုံး ဆိုတာကိုတွေးပါ။ ဒါဆိုရင် တစ်လကို မိနစ်ပေါင်း ဘယ်လောက်ကို ဒီပြဿနာ ရှင်းဖို့ သုံးရသလဲဆိုတာ တွက်လို့ရပါလိမ့်မယ်။​ နောက်ပြီး၊ စနစ်မျိုးစုံသုံးထားတဲ့ ​ဖောင့်ပေါင်းစုံနဲ့ ပို့လို့ အရေးကြိး meeting တွေမှာ ပြချင်တာမပြရပဲ အချိန်ကုန်သွားတာ၊​ အရေးကြီး စာတွေ မမြင်ရတာတွေ လျော့ကျသွားပါလိမ့်မယ်။

၂၊ နောက်ထဲက ကောင်းကျိုးတစ်ခုကတော့ လူတွေအတွက် ပိုမြင့်တဲ့ နည်းပညာတွေကို မြန်မာဘာသာ နဲ့ သုံးခွင့်ရလာပါလိမ့်မယ်။ ဥပမာ Google search မှာ မြန်မာလိုပိုရှာလာနိုင်မယ်။ မြန်မာလို ဖော်ပြတဲ့ စနစ်တွေ ကိုသုံးလာနိုင်မယ်။ ယခု သင်ကြားထားဖူးသမျှ နည်းပညာအားလုံးကို မြန်မာလို ဖောင့်ပြဿနာ မရှိပဲ တွေးလို့ရလိမ့်မယ်လို့ မြင်ယောင်သာကြည့်လိုက်ပါ။ လက်ရှိ ခေါင်းခဲနေရတာတွေ မရှိတော့ပဲ နည်းပညာကို ပိုထိထိရောက်ရောက်သုံးနိုင်မယ်ဆိုတာ တကယ့် ကောင်းကျိုးတစ်ခုပါပဲ​။​

လက်ရှိအချိန်ထိ ကျွန်တော်ပြောတာ ဖြစ်သင့်တယ်လို့ထင်တယ်ဆိုရင်တော့ ယူနီကုဒ်နဲ့ ပတ်သက်ပြီး ဆက်လေ့လာဖို့ အဆင်သင့်ဖြစ်နေပါပြီ။ တကယ်လို့ လက်မခံဘူးဆိုရင်တော့ သင်လက်မခံနိုင်တာအကြောင်းတွေကို ကိုယ့်ဘာသာ Why ဆိုတဲ့မေးခွန်းမေးပြီး အဲဒါကို ဖြေရှင်းနည်းမရှိဘူးလားဆိုတာကို ရှာဖွေကြည့်ပါ၊

ယူနီကုဒ်ဆိုတာ ဖောင့်လို့အလွယ်တကူ ပြောကြပေမယ့် တကယ်တမ်းက စနစ်တစ်ခုပါ။ ယူနီကုဒ်ဖောင့်ဆိုတာ သူ့ရဲ့ စနစ်ကို လိုက်နာထားတဲ့ ၊ သူ့စနစ်အတိုင်းထွင်ထားတဲ့ ဖောင့်တွေကိုခေါ်ပါတယ်။ အဲဒီလိုဖောင့်တွေက ကုမ္ပဏီပေါ်လိုက်ပြီး ၊​ Operating System ပေါ်လိုက်ပြီး ၊ ကွဲပြားကြပါတယ်။ မြန်မာနိုင်ငံမှာတော့ အသိများတာ Myanmar 3 ပါ။ ယခုတော့ ပြည်ထောင်စု ဖောင့်ကို သိကြပါတယ်။ နှစ်ခုစလုံးက မြန်မာပြည်တွင်းမှာထုတ်လုပ်တာဖြစ်ပါတယ်။ ယူနီကုဒ်ဖောင့်တွေ ဘယ်လိုကွဲပြကြလဲသိချင်ရင်တော့ နောက်ထပ် ခေါင်းစဉ်တစ်ခုကို ဆက်ဖတ်ကြည့်ပါ။​