မြန်မာပြည်မှာ မိုဘိုင်း ဖုန်းနဲ့ ဒေတာကောက်မယ်ဆိုရင်…

မြန်မာနိုင်ငံမှာ အခုဆိုရင် မိုဘိုင်းနဲ့ ဒေတာကောက်ယူခြင်းက အတော်ကိုခေတ်စားလာပါပြီ။ မိုဘိုင်းနဲ့ ဒေတာကောက်ဖို့အတွက် အသုံးပြုလို့ရတဲ့ tool တွေကတော့ အများကြီးရှိပါတယ်။ အဲဒီထဲကမှ အသုံးများကြတာကတော့ open source တွေဖြစ်တဲ့ Open data kit အနွယ်ဝင် tool တွေပါ။ သူတို့တွေက များသောအားဖြင့် အခမဲ့ရသလို ဒေတာကောက်ဖို့လိုအပ်တဲ့ function တွေ၊ feature တွေကို သေချာစနစ်တကျသတ်မှတ်ထားတဲ့ xlsform format တွေကိုအသုံးပြုတဲ့အတွက်ကြောင့် တစ်နေရာမှာ ဖန်တီးထားရင် အခြားတနေရာမှာပါ ပြန်လည်အသုံးပြုလို့ရပါတယ်။ 

ဒါပေမယ့် ဒီ Form ဖန်တီးရတာဟာ သာမာန်အသုံးပြုသူအတွက်အနည်းငယ်တော့ရှုပ်ထွေးပါတယ်။ ကောက်ယူချင်တဲ့ form ထဲမှာပါတဲ့ rule တွေများရင်များသလို ၊ ပိုမိုရှုပ်ထွေးလက်ဝင်ပါတယ်။ တကယ်တမ်းကျတော့ မိုဘိုင်းဖုန်းနဲ့ ဒေတာကောက်တဲ့အခါမှာ နည်းပညာပိုင်းဆိုင်ရာ တစ်ခုတည်းတင် စိန်ခေါ်ချက်မဟုတ်ပါဘူး။ အဲဒါကိုဖြေရှင်းနိုင်ရင်တောင် ​ ယခင် စာရွက်နဲ့ကောက်တာမျိုးမဟုတ်တော့တဲ့အတွက် မတူညီတဲ့ လုပ်ငန်းစဉ်တွေကို အဆင်ပြေချောမွေ့အောင် ဘယ်လိုလုပ်ရမလဲစဉ်းစားရပါသေးတယ်။

ကျနော် နမူနာရေးပြပါမယ့် ၊ဒီအလုပ်တစ်ခုလုံးမှာ ဘယ်လိုအဆင့်တွေပါသလဲ ။​အဲဒီထဲမှာ ဘယ်လို အဆင့်သေးသေးလေးတွေပါသေးလဲ။ ဘယ်လိုဖြေရှင်းနိုင်သလဲဆိုတာကိုပေ့ါ။ တစ်ခုရှိတာက အချို့သောပြဿနာတွေက theory ထဲမှာမပါပါဘူး။ မြန်မာနိုင်ငံမှာမို့ပဲ ဖြစ်နေရတဲ့ ပြဿနာမျိုးတွေရှိတယ် ။

၁. မိမိကောက်ယူလိုသော ဆာဗေးအတွက် paper for ကို ရေးဆွဲခြင်း

၂.မိမိဆာဗေးရဲ့ အရွယ်အစား ၊ အသုံးပြုနိုင်တဲ့ ဘက်ဂျက်၊​ ပါဝင်ဆောင်ရွက်နိုင်တဲ့လူအင်အားများအရ၊ မည်သည့်စနစ်ကို သုံး၍ ကောင်းမလဲဆိုတာကို ဆုံးဖြတ်ခြင်း။

မိုဘိုင်း ဖောင်အဖြစ်ပြောင်းလဲခြင်း

စာရွက်နဲ့ပြုလုပ်ထားတဲ့ ဆာဗေးကို mobile phone နဲ့ကောက်တဲ့ format ပြောင်းလဲတာကို တော့ ဒီ ODk, Kobo ကျွမ်းကျင်သူများက ပြုလုပ်နိုင်ပါတယ်။ ဒီနေရာမှာလည်း ရော့အင့်ဆိုပြီး ပေးလိုက်ရုံနဲ့မပြီးပဲ . ဖောင်အကြမ်းကနေ နောက်ဆုံး ဖိုင်နယ်ထွက်သည့်အထိ အကြိမ်ပေါင်းများစွာ အပြန်ပြန်အလှန်လှန် စစ်ဆေးရပါတယ်။ ဒီနေရာမှာ ဖောင်ပြုလုပ်ပေးသူတစ်ဦးတည်းတင် မပြီးပါဘူး။ အချို့သော ဖောင် logic တွေ ၊ data validation rule တွေ ( ဥပမာ- ဘာဖြစ်မှ ဘာလုပ်မယ်ဆိုတဲ့ အချက်မျိုးတွေက တစ်ခါတစ်လေ စာရွက်ပေါ်မှာ ရေးထားလေ့မရှိပါဘူး၊ ဒါတွေကို သေချာသိရအောင် project manager က ကျွမ်းကျင်သူနဲ့ အတူတူအလုပ်လုပ်ဖို့လိုပါတယ်၊ ကြားမှာ မြန်ဆန်သွက်လက်ပြီး ပွင့်လင်းမြင်သာတဲ့ ဆက်ဆံမှုမျိုးရှိတာက အမှားအယွင်းနည်းစေနိုင်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်) ။ မေးခွန်းပေါင်း ၆၀၀ ကျော်ရှိတဲ့ဆာဗေးဖောင်တစ်ခုမှာ မေးခွန်းတစ်ခုရဲ့ validation rule လေးတစ်ခု မှားယွင်းခဲ့လို့ ၊ တစ်ရက်စာပြန်လည်ဒေတာကောက်ယူခဲ့ရတဲ့အဖြစ်မျိုးရှိခဲ့ဖူးပါတယ်။

တကယ်တမ်းကတော့ form ကိုပြင်ဆင်ဖို့လုံလောက်တဲ့အချိန်နဲ့ အသေးစိတ်စစ်ဆေးနိုင်မယ့် team လေးဖွဲ့ထားသင့်ပါတယ်။  ယခင်ကအလားတူ ဆာဗေးကို ကောက်ယူခဲ့ဖူးသူ၊ ပါဝင်တဲ့မေးခွန်းတွေကို ကိုယ်တိုင်မေးမြန်းဖြေဆိုခဲ့ဖူးသူတွေပါရင်ပိုကောင်းပါတယ်။ ဒါကျမှ သူတို့ မေးခွန်းမေးမြန်းတဲ့အခါ ဘယ်နေရာကတော့ အဆင်မပြေဘူး ၊ ဘယ်လိုပြင်သင့်တယ် ၊ဘယ်အချက်ပါရင်ပိုကောင်းမယ်စတာတွေ ပေါ်လာပါလိမ့်မယ်။ ကြုံဖူးတဲ့အတွေ့အကြုံအရဆိုရင်တော့  ဆာဗေးမေးခွန်းများဟာ တကယ်မကောက်ယူခင်အချိန်အထိ ဘယ်တော့မှ ပြင်ဆင်လို့ပြီးစီးလေ့မရှိပါဘူး။ ဒါကြောင့် စာရွက်ပေါ်ကနေ digital form ပေါ်ကိုရွှေ့ကူးထည့်တဲ့အခါ ပြောင်းလဲလိုက်ရတဲ့အချက်မျိုးတွေရှိတတ်ပါတယ်။ အဲဒီအခါ စာရွက်ထဲမှာပါတဲ့မေးခွန်းတွေကို ဖျက်ပစ်တာမျိုးမဟုတ်ပဲ​ ၊​လိုအပ်သလို ပြင်ဆင်ခွင့်ကို project manager က ရထားတယ်ဆိုရင်တော့ အလုပ်လုပ်ရတာပိုမိုမြန်ဆန်နိုင်ပါတယ်။

အချို့မေးခွန်းတွေက အတော် အဖြေရကျပ်တာမျိုး၊ အဓိပ္ပါယ်နှစ်ခွထွက်တာမျိုးတွေလည်းရှိတတ်ပါတယ်။ ဥပမာ- အသက် ၁၀နှစ်ကနေ ၁၅နှစ်ကြားကလေးတွေကိုမေးချင်ပါတယ်ဆိုတာမျိုးဆိုရင်၊ ကောက်ယူတဲ့သူက ၁၀နှစ်ထဲဝင်နေတဲ့သူကိုကောက်မှာလား၊ ၁၀နှစ်ကျော်တဲ့သူကိုကောက်မှာလား.။ ကိုယ့်အတွေးနဲ့ကိုယ်ကောက်ကြတဲ့အခါ အချက်အလက်ကွဲပြားတာတွေဖြစ်လာပါတော့တယ်။ သူ့ကြည့်ဆိုရင်မသိသာပေမယ့်လို့  မွေးသက္ကရာဇ်အတိအကျမေးပြီး mobile phone ကနေ အလိုအလျောက် အသက်တွက်ချက်ဖော်ပြတဲ့အခါ ၊ စက်ကထွက်တဲ့အသက်နဲ့ တကယ် ဖြေတဲ့သူတွေကပြောတဲ့အသက်ကွဲပြားကြလေ့ရှိပါတယ်။ အဲဒီမှာပဲ ပြန်လည်စစ်ဆေးတဲ့အခါ ဒေတာတွေကောက်ယူဖို့ ကျန်နေတယ်ဆိုတဲ့အဖြစ်မျိုးပေါ်လာပါလိမ့်မယ်။ ဒီလိုမဖြစ်ရအောင်လို့ဆိုရင် တော့ ကောက်ယူတဲ့သူတွေကို အသေအချာ training ပေးဖို့လိုပါတယ်။​စာကြောင်းတစ်ကြောင်းချင်း၊မေးခွန်းတစ်ခုချင်းရဲ့ ဆိုလိုရင်းအဓိပ္ပါယ်ကို ပြောပြဖို့၊​ မေးခွန်းဖောင်ထဲမှာပါ ( note ) အနေနဲ့ ရှင်းလင်းချက်ထည့်ပေးဖို့လိုပါတယ်။ တစ်ခါတစ်လေမှာ ကောက်ယူတဲ့သူတွေက အရမ်းများပြီး .ဆင့်ပွားသင်တန်းတွေနဲ့ လက်ဆင့်ကမ်းညွှန်ကြားကြတဲ့အခါ ကြားထဲမှာ နားလည်မှုလွဲတာတွေ အရမ်းများလာတတ်ပါတယ်။ ဒါကြောင့်  စတင်ကတည်းက မေးခွန်းတွေက ရှင်းလင်းပြီးနားလည်လွယ်ဖို့၊ အသေးစိတ်ညွှန်ကြားချက်တွေကို ပါထည့်ရေးထားဖို့ လိုအပ်ပါတယ်။

ဘာသာစကား

ကောက်ယူတဲ့ဘာသာစကားနေရာမှာ အချို့ကတော့ english စာကိုအသုံးပြုကြပါတယ်။ ဒါပေမယ့်လို့ စေတနာ့ဝန်ထမ်းများနဲ့အလုပ်လုပ်မယ်။ လူတွေအများကြီးပိုမိုပါဝင်ပြီး မတူကွဲပြားတဲ့ နောက်ခံ က လူတွေပါပါမယ်ဆိုရင်တော့ မြန်မာစာကိုပါ မဖြစ်မနေသုံးဖို့လိုပါတယ်။ မြန်မာစာမှာလည်းသိကြတဲ့အတိုင်း ယူနီကုဒ်နဲ့ ဇော်ဂျီဆိုပြီးရှိနေတဲ့အတွက်ကြောင့်  ဘယ်အရာကိုသုံးမလဲဆိုတာ မဖြစ်မနေ ဆုံးဖြတ်ကြပါတယ်။ ဒီနေရာမှာ အကြံပေးလိုတာကတော့ ဒေတာကောက်တဲ့နေရာမှာ သုံးမယ့် ဖုန်းတွေ၊ tablet တွေရဲ့ ဖောင့်ကဘာလဲဆိုတာ အရင်ဆုံးဆန်းစစ်လိုက်ပါ။ အများစု သုံးကြတဲ့ ဖောင့်ကို default ထားလိုက်ပါ။ တကယ်တမ်းကတော့ ဖောင်ကို ဇော်ဂျီနဲ့ကော ယူနီကုဒ်နဲ့ပါ ပြုလုပ်လို့ရပါတယ်။ ဖောင်တစ်ခုတည်းကိုပဲ ဘာသာစကားပြောင်းလဲသုံးရုံနဲ့ နှစ်မျိုးလုံး ဖြည့်လို့ရပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ပြဿနာတစ်ခုဖြစ်နိုင်တာကတော့ ၊​ စာရိုက်ထည့်ရတဲ့ အခြေအနေမျိုးတွေမှာ ဒေတော table တစ်ခုတည်းမှာကိုပဲ​ဇော်ဂျီကော ယူနီကုဒ်ကော ရောထွေးပြီးဝင်သွားပါလိမ့်မယ်။ ဒါကို ခွဲထုတ်နိုင်ဖို့နည်းလမ်းကတော့ ၊ စကောက်ယူတည်းက ယူနီကုဒ်ဆိုရင် အမှန်ခြစ်၊ ဒါမှမဟုတ်ဇော်ဂျီဆိုရင် အမှန်ခြစ်ဆိုပြီး မေးခွန်းတစ်ခုအပိုထည့်ခဲ့ဖို့လိုပါလိမ့်မယ်။ ဒါဆိုရင် ဒေတာ clean လုပ်တဲ့သူတွေအတွက်ပိုမိုလွယ်ကူ အချိန်ကုန်သက်သာပါလိမ့်မယ်။

ဒီလိုနှစ်မျိုးရတယ်ဆိုတာကို တစ်ခါတစ်လေ ကောက်ယူတဲ့သူတွေက မသိနိုင်ကြပါဘူး​။ ဒါကြောင့် ဒီလိုပြောင်းလို့ရတဲ့ ဘယ်လိုစာရိုက်ရတယ်ဆိုတာကိုပါ ဆင့်ပွားသင်တန်းတွေမှာ သေချာသင်ပေးဖို့လိုပါတယ်။ လိုအပ်ရင် handout လေးတွေ ပါထုတ်သင့်ပါတယ်။

စတင်မကောက်ခင် သင်တန်းပေးခြင်း

သင်တန်းကို ကောက်မယ့်သူတွေကို တိုက်ရိုက်ပေးတာမျိုးရှိသလို၊ ပြန်သင်ပေးမယ့်သူတွေ team leader တွေကိုပေးရတာမျိုးလည်းရှိပါတယ် ။​ အဲဒီနေရာမှာ သင်တန်းအတွက် powerpoint, handout, video tutorial ,ပြီးတော့ လက်တွေ့ ဖုန်းကနေ အသုံးပြုပြတဲ့ အရာတွေအားလုံးနဲ့ အမြင်ရှင်လင်းအောင် ပြသသင့်ပါတယ်။ အဲဒီနေ့မှာတင် ပဲ ဖောင်ကိုဖိုင်နယ် ဗားရှင်းအဖြစ်အတည်ပြုလို့မရသေးပါဘူး။  ဘာကြောင့်လဲဆိုတော့ training ပြီး စမ်းသပ်ကြတဲ့အခါ ပြန်လာနိုင်တဲ့ feedback တွေရှိသေးတယ် ။ ဒါတွေကို မှတ်တမ်းတင်ထားပြီး ပြန်လည်ပြင်ဆင်သင့်ပါတယ်။​ ကျနော်က တော့ ဖောင်ကို final ဆိုတဲ့နာမည်တပ်မယ့်အစား ဗားရှင်းနံပါတ်ပဲတပ်လေ့ရှိပါတယ်။ training ပေးတဲ့နေ့မှာတော့ ဗားရှင်း 1 ကိုထုတ်ပါတယ်။ နောက်တော့ လိုအပ်သလို version 1.1 , အကြီးစားပြောင်းလဲမှုလုပ်ရမယ်ဆိုရင် version 2 စသဖြင့် လုပ်ပါတယ်။

ကျနော်သင်တန်းတွေပေးတုန်းက မထင်မှတ်ပဲ ကြုံရတာတစ်ခုရှိပါတယ်။ ဒါကတော့ အင်တာနက်ပြဿနာပါ။ တစ်ခါတစ်လေမှာ အသုံးပြုမည့်ဖုန်းတွေက မသုံးတာကြာတာပဲဖြစ်ဖြစ်၊ အသစ်စက်စက်တွေပဲ ဖြစ်ဖြစ် ဖြစ်နေလေ့ရှိပါတယ်။ အဲဒီဖုန်းတွေကများသောအားဖြင့် update မဖြစ်ပါဘူး။ ဒါကြောင့် wifi တစ်ခုကိုချိတ်လိုက်တာနဲ့ ရှိသမျှ application, firmware အားလုံး update ဆွဲပါတော့တယ်။​

တစ်ယောက်နှစ်ယောက်တည်းဆိုရင်တော့ လိုင်းအတော်နှေးသွားတတ်တာ၊​လူပေါင်းရာချီရင်တော့ ပြောဖွယ်ရာကိုမလိုအောင် လိုင်းလုံးဝသုံးမရတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ wifi နဲ့မချိတ်ဆက်မီ auto update တွေ၊ ပိတ်ထားဖို့ တောင်းဆိုဖို့လိုပါတယ်။ တစ်ခါတစ်လေ wifi hotspot များရဲ့ ကန့်သတ်ထားတဲ့အလုံးရေ ရှိတဲ့အတွက် wifi နဲ့ချိတ်လို့မရတဲ့အခက်အခဲလည်းကြုံတတ်ပါတယ် ။​ဒါမျိုးကိုတော့ ကိုယ်တိုင် အင်တာနက် hotspot ဖွင့်သုံးရင်သုံး ဒါမှမဟုတ်  နောက်ကွယ်ကနေ ဖြေရှင်းပေးမယ့် သူတစ်ဦးကို အဆင်သင့်ထားဖို့လိုပါတယ်။ မဟုတ်ရင်တော့ သင်တန်းမပေးရပဲ အဲဒီအခက်အခဲကို လိုက်ရှင်းနေရတာနဲ့ အချိန်ကုန်သွားပါလိမ့်မယ်။ သင်တန်းမှာ သင်တန်းဆရာ သုံးမယ့်ဖုန်း၊​ laptop အတွက်သီးသန့်အင်တာနက်လိုင်းရှိခြင်းကလည်းကောင်းပါတယ်။ မဟုတ်ရင် network traffic ကြောင့် video ပြမရတာ၊ demonstration လုပ်မရတာတွေကြုံပြီး ထင်သလောက် ခရီးမပေါက်ဖြစ်ရပါလိမ့်မယ်။

ကောက်ယူစဉ်မှာ feedback  နဲ့ အကူအညီပေးရေး channel တစ်ခုရှိထားခြင်း

စတင်ကောက်ယူစဉ်မှာ အမှားအယွင်းအများဆုံးကြုံတွေ့လေ့ရှိပါတယ်။  ဖောင်ယူလို့မရတာမျိုးတို့၊ ပို့လို့မရတာမျိုးတို့၊ မှားဖြည့်ပြီး ပြန်ဖျက်ချင်တာမျိုးတို့၊ ကောက်ရင်းနဲ့မှ ကျော်လို့မရတာ၊ save လို့မရတာမျိုး ဒါတွေဖြစ်လေ့ရှိပါတယ်။ မေးကို မေးမြန်းရမယ့်မေးခွန်းအတွက် ကတော့ ကျော်လို့မရဘူးဆိုတာသဘာဝကျပါတယ်။ ဒါမျိုးကြုံရင် မြန်မြန်ဆန်ဆန် ဖြေရှင်းပေးဖို့လိုအပ်ပါတယ်။ ကောက်နေစဉ်မှာ viber group or messenger group ထားပြီး မေးခွန်းတွေကို နောက်ကွယ်ကနေ နည်းပညာပိုင်းဖြေရှင်းပေးမယ့်သူရှိတာက လည်း အားသာချက်တစ်ခုဖြစ်ပါတယ်။  

စာရွက်နဲ့ကောက်တဲ့အခါနဲ့ ဖုန်းနဲ့ကောက်တဲ့အခါ အဓိကကွာခြားသွားတာကတော့ ကြားမှာ အဆင့်ဆင့်စစ်ဆေးတဲ့အဆင့်တွေမရှိတော့ပဲ အခုကောက်တဲ့ဒေတာတွေက ချက်ချင်းဆိုသလို ပင်မဆာဗာကို ရောက်သွားတာပါ။ ဒါကြောင့်မှားတယ်မှန်တယ်ဆိုတာကို ကြားခံစစ်ပေးမယ့်သူတွေမရှိလို့ စုပြုံရောက်လာတဲ့ဒေတာတွေကို စစ်ဆေးရတဲ့သူအတွက် အခက်တွေ့စေပါတယ်။ အကြံပေးလိုတာကတော့ ကောက်ယူပြီးတဲ့ဒေတာတွေကိုချက်ချင်းမပို့ပဲ စုရပ်နေရာတွေမှာ team leader တွေက ဖုန်းကိုဖွင့်ပြီး စစ်ဆေးစေလိုပါတယ်။ အားလုံးစစ်ပြီးရင်တော့ တစ်ပြိုင်နက်တည်း ပို့လို့ရပါတယ်။ အမှားအယွင်းပါကောင်းပါနိုင်သေးပေမယ့် အများကြီးတော့ မပါနိုင်တော့ပါဘူး ။ ဒီနေရာမှာပို့မရရင်လည်း ဘာမှားနေလည်းဆိုတာကို team leader ကသိဖို့လိုပါတယ်။ အဖြစ်များတဲ့ပြဿနာလေးတွေကို ကြိုတင်ရှင်းပြပေးထားပါ။ ဘယ်လိုဖြေရှင်းရမလဲပြောပြထားပါ။ အဲဒီထဲမပါတာဆိုရင်တော့ လှမ်းမေးလို့ရဖို့အတွက် နည်းပညာအကူအညီပေးတဲ့သူကို အဆင်သင့် hotline မှာတင်ထားပါ။

စစ်ဆေးတဲ့အခါမှာ ဘယ်နေရာတွေကိုအဓိက ထားကြည့်ရမလဲဆိုတာကို ကြိုတင်သင်ကြားပေးထားဖို့လည်းလိုပါတယ်။ အချို့အချက်တွေက ကတော့ ဖုန်းထဲက ဖောင်ကနေ အလိုအလျောက် စစ်ဆေးပြီး မမှားအောင်သတိပေးနိုင်ပေးမယ့် ၁၀၀% တောင်မမှားအောင်မလုပ်ပေးနိုင်ဘူးဆိုတာကို သဘောပေါက်ထားရပါမယ်။ ဥပမာ နာမည်က ယောင်္ကျား ၊ sex က အမျိုးသမီးဖြစ်နေတာမျိုး၊ ပညာအရည်အချင်းက အသက်၁၀နှစ်နဲ့ တက္ကသိုလ်တက်နေတာမျိုးစတာတွေပေါ့။ ဖုန်းကတော့ ဒီနာမည်ကို ကြည့်ပြီး ယောကျာ်းလားမိန်းမလား ခွဲနိုင်တဲ့ အရည်အချင်းမရှိပါဘူး။  AI တွေခေတ်စားလာရင်တော့ တစ်မျိုးပေါ့ 

ဝင်လာတဲ့ဒေတာတွေကိုစစ်ဆေးခြင်း

မြေပြင်မှာကောက်ယူနေတဲ့ ဒေတာတွေကို team leader တွေကစစ်သလို ဒေတာဘေ့စ်ထဲရောက်လာတဲ့ ဒေတာတွေကိုလည်း ရုံးချုပ်ကနေ ကြည့်နေလို့ရပါတယ်။ ဒေတာတွေများလွန်းတဲ့အတွက် သူတို့က တော့ တစ်ခုချင်းအသေးစိတ်ကြည့်လို့မနိုင်ဘဲ  ဘယ်မြို့ကတော့ ဘယ်နှစ်ခုကောက်ပြီးပြီ​၊ပို့ပြီးပြီ။ ဘယ်မြို့ကတော့ ကျန်နေတယ် စသဖြင့် သိနိုင်ပါတယ်။ kobotoolbox ကိုသုံးရင်တော့ သူ့မှာ data visualization function ပါတဲ့အတွက် ကောက်ယူထားတဲ့ ပမာဏနဲ့ မေးခွန်းတစ်ခုချင်းရဲ့ ပျမ်းမျှ အဖြေတွေကို ကြည့်လို့ရပါတယ်။

ကောက်ယူတဲ့ဖုန်းတွေမှာ GPS ဖွင့်ထားခြင်းနဲ့ မဖွင့်ထားခြင်း

ဖုန်းနဲ့ကောက်တဲ့အခါ အားသာချက်နောက်တစ်ခုကတော့ ကောက်ခဲ့တဲ့ဒေသတွေရဲ့ဂျီပီအက် အချက်အလက်တွေကို တစ်ခါတည်း ယူထားလို့ရတာပါပဲ။ အဲဒါကို အပိုမေးခွန်းတစ်ခုအနေနဲ့ ဖောင်ထဲမှာ ထည့်ထားလို့ရပါတယ်။  GPS ဖွင့်ထားတဲ့အခါ သူ့အချက်အလက်တွေကို တစ်ပါတည်းကောက်ယူသွားပြီး နောက်ကွယ်က data dashboard ပေါ်မှာ အမှတ်အသားတွေ ပြန်ပေါ်ပါတယ်။ တကယ်သွားထားမသွားထား ပြန်စစ်ဆေးတဲ့အခါမှာ အရမ်းအသုံးဝင်ပါတယ်။

မကောင်းတဲ့အချက်ကတော့ ဘက်ထရီ အရမ်းကုန်ပါတယ်။ မေးခွန်းတွေများတယ်။ မေးရမယ့်အိမ်တွေများတယ်ဆိုရင် ၃အိမ်လောက်မေးပြီးတာနဲ့ ဘက်ထရိကုန်သွားတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပါဝါဘဏ် ဆောင်သွားဖို့လိုရင်လိုပါမယ်။​ ဒါမှမဟုတ် ၊​ အိမ်တစ်အိမ်ကို ဝင် စမေးတာနဲ့ GPS ဖွင့် ၊ ပြီးရင် ပြန်ပိတ်ရင်တော့ ဘက်ထရီ အစားသက်သာပါလိမ့်မယ်။

စစ်တမ်းကောက်ယူချိန်ပြီးစီးခြင်း

စစ်တမ်းကောက်ယူတဲ့ကာလပြီးသွားပြီးဆိုရင် နောက်ထပ်ဘယ်သူမှ ပို့လို့မရတော့အောင် ဖောင်ကို အွန်လိုင်းမှာ publish လုပ်ထားတာကို ပိတ်လိုက်လို့ရပါတယ်။ အဲဒီနောက်မှာတော့ ရရှိလာတဲ့ဒေတာတွေကို Download ဆွဲပြီး ပြန်လည်စစ်ဆေးတဲ့အဆင့်ရောက်ပါတယ်။  စစ်ဆေးတဲ့အခါမှာလည်း ဒေတာများလာရင်များလာသလို ပိုမိုကိုင်တွယ်ရခက်လေ့ရှိပါတယ်။ အများဆုံးအနေနဲ့ဆိုရင် သောင်းနဲ့ချီတဲ့ ဒေတာတွေကို စစ်ဆေးခဲ့ဖူးပါတယ်။ အဲလောက်များလာရင်တော့ တစ်ခုချင်းလိုက်ကြည့်ဖို့မဖြစ်နိုင်တော့ပဲ .. Excel or Google Sheet များထဲမှာ ဖော်မျုလာများအဆင့်ဆင့်နဲ့ error ပါနိုင်တဲ့နေရာတွေကို ပိုက်စိပ် တိုက် စစ် ဆေးရပါတယ်။ ဒီထက်ပိုများလာတဲ့ပမာဏတွေဆိုရင်တော့ Data scientists တွေက  programming language တွေသုံးပြီး စစ်ဆေးကြတာပိုကောင်းပါလိမ့်မယ်။ ဒီနေရာမှာ ပြန်ကောက်ဖို့လိုအပ်လာတဲ့ အရာမျိုးတွေလည်းရှိပါလိမ့်မယ်။ အဲဒီအခါ မျိုးကျရင် ကြိုတင်ကောက်တည်းက၊ ဒေသအချက်အလက်၊နဲ့ ကောက်ယူသူအချက်အလက်တွေကိုပါ စုဆောင်းထားခဲ့ရင် ပြန်လည် နောက်ကြောင်းပြန်လိုက်ရလွယ်ပါလိမ့်မယ်။

Supplementary data ကောက်ယူတဲ့အခါမှာ တစ်ခါတစ်လေကျရင် အကုန်ကောက်စရာမလိုပဲ တစ်စိတ်တစ်ပိုင်းတည်း ကောက်ဖို့လိုတာမျိုလည်းဖြစ်လေ့ရှိပါတယ်။ အဲဒီအတွက်ဆိုရင်တော့ လိုအပ်ချက်ပေါ်မူတည်ပြီး supplementary form အသစ်တစ်ခုကို ထုတ်ပေးဖို့လိုကောင်းလိုနိုင်ပါတယ် ။ဒါမှမဟုတ် စာရွက်နဲ့ပဲကောက်ပြီး ဒေတာပြန်ထည့်မယ်ဆိုလည်းဖြစ်ပါတယ်။ ဘယ်လိုပဲလုပ်လုပ် မူရင်းရှိပြီးသားဒေတာတွေကို အသစ်ကောက်တာနဲ့ merge ၊ ပေါင်းစည်းပေးရတာလည်းရှိပါတယ်။  ဖောင်ပြုလုပ်တာကော၊ ကောက်ယူတာတွေကောအပြင်၊​post data collection period မှာ ဒေတာ စစ်ဆေးရတာကလည်း အရမ်းကို ဝန်ကြီးတဲ့အလုပ်တစ်ခုဖြစ်ပါတယ်။ ဒေတာပေါင်း မြောက်များစွာကို အမှားတစ်ချက်မရှိရအောင် ကြည့်ရှု့ရတာက အချိန်လည်းကြာသလို လူလည်းပင်ပန်းပါတယ်။ အဲဒီအတွက် လုံလောက်သော လူနဲ့ procedure တွေရှိဖို့လိုပါတယ်။ 

တစ်ခါတစ်လေကျရင် ဘယ်လိုလုပ်လုပ်မပြည့်စုံတဲ့ဒေတာတွေရှိတတ်ပါတယ်။ ဒါတွေကို ပယ်ပစ်မလားဆိုတာကို ဆုံးဖြတ်ရတဲ့အခါလည်းကြုံနိုင်ပါတယ်။ ဒါတွေကို လုပ်ဆောင်နေစဉ်မှာ ကြိုတင်တွေးတောဖို့လိုပါတယ်။

ဒေတာ analysis

ပြောသွားတဲ့အချက်တွေက တော့ အဓိကအားဖြင့် ဒေတာကောက်ယူခြင်းနဲ့သက်ဆိုင်တာတွေပဲဖြစ်ပါတယ်။ ဒေတာ analysis ပြုလုပ်ပြီး report ထွက်အောင်လုပ်ဖို့က တော့ သီးသန့်အပိုင်းတစ်ခုဖြစ်သွားပါပြီ။​ ထွက်လာတဲ့ ဖိုင်နယ်ဒေတာ set ကို analysis ပြုလုပ်မယ့်သူ နားလည်ဖို့အတွက် လုပ်ပေးဖို့လည်းလိုပါတယ်။ လိုအပ်ချက်အရ မေးခွန်းတွေကို အတိုကောက်နာမည်ပြောင်းခဲ့တာမျိုး၊ မေးခွန်းနံပတ်ပဲပေးခဲ့တာမျိုးတွေလည်း ရှိပါလိမ့်မယ်။  ဒါတွေက ဖောင်ကို ကိုယ်တိုင် ဆောက်တဲ့သူဆိုရင်တော့ သိကောင်းသိနိုင်ပေမယ့် အခြားသူတစ်ယောက်ကတော့ ဘာကိုဆိုလိုတယ်ဆိုတာ သိမှာမဟုတ်ပါဘူး။၊ ဒါကြောင့် data dictionary sheet တစ်ခုကိုပါ တွဲလျက် ပေးလိုက်ဖို့ အရေးကြီးပါတယ်။​

ပြန်ပြီး အကျဉ်းချုံ့ရရင်တော့ မိုဘိုင်းနဲ့ ဒေတာကောက်ယူခြင်းဟာ အရမ်းကိုကောင်းပါတယ်။ အားသာချက်တွေအများကြီးရှိပါတယ်။ ဒါပေမယ့် “this is so cool” ဆိုတာတစ်ခုတည်းနဲ့ ဆုံးဖြတ်ချက်တွေချရင်တော့ မကောင်းပါဘူး။ သူ့အကြောင်းကို သေချာသိဖို့၊ တကယ် လုပ်ဖို့ ကြံရွယ်တဲ့အခါ ဘယ်လိုမျိုးအခက်အခဲတွေ တွေ့လာမလဲ၊ ကိုယ်က ရင်ဆိုင်ဖို့အဆင်သင့်လားဆိုတာကို သိစေချင်တဲ့အတွက် ဒီ စာကိုရေးလိုက်ပါတယ်။  နောက်လည်း စဉ်းစားမိတာတွေကို ထပ်ဖြည့်ပြီး update လုပ်ပါဦးမယ်။

မြန်မာနိုင်ငံမှာ နည်းပညာကို အသုံးပြုပြီး ..ပိုပြီး efficent ဖြစ်အောင် ဆောင်ရွက်နိုင်ကြပါစေ..

“Technology is a tool, not a solution “

Nyein Chan Ko Ko (Arthur)

Tech for Change Team

Phandeeyar

26.April .2019 (Friday)

12:27PM

Follow me

Arthur Chan

Technical Expert at Phandeeyar
ဆေးမကုပဲ အိုင်တီလုပ်နေတဲ့ ဆရာဝန်
Arthur Chan
Follow me
Scroll to top